Pages

Pages - Menu

ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်လာသူတစ်ယောက်အကြောင်း ဟူသောစာအုပ်ကို တစေ့တစောင်းလေ့လာကြည့်ရှုသူတစ်ယောက်၏ခံစားချက်


ကျမအနေနှင့် ဤဆောင်းပါးကို ရေးရခြင်းအကြောင်းခံမှာ ကျမပညာရေးဝန်ထမ်းဖြစ်စဉ် ကာလ၊ ဖောင်ကြီးသင်တန်း တက်စဉ်ကာလတွင် တွေ့ခဲ့ရသော အတွေ့အကြုံကလေးကြောင့် ဖြစ်ပါသည်။ ကျမနေထိုင်ရသည့် အခန်းတွင် တက္ကသိုလ်ပေါင်း စုံမှ လက်ထောက်ကထိက၊ ကထိက များစုစည်းထားရာ စုစုပေါင်းလူဦးရေ ၂၀ခန့်ရှိသည့်အနက် အစ္စလာမ်ဘာသာဝင်မှာ ကျမ တစ်ယောက်တည်းသာ ပါဝင်ပါသည်။

သင်တန်းတက်ရန်ရောက်ရှိလာကြပြီး ပြဿနာပေါင်းစုံနှင့် အမျိုးမျိုးကြုံ၍ ဖြေရှင်းရင်း တဖြည်းဖြည်း တစ်ဦးနှင့်တစ်ဦးရင်းနှီးလာကြပြီး ကျမသည် အစ္စလာမ် ဘာသာဝင်မှန်းသိသည်နှင့် အခန်းဖော်ဆရာမကလေး တစ်ဦးက ကျမအား "ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်လာ သူတစ်ယောက်အကြောင်း" ဟူသော ဆရာဦးဆန်းလွင် ရေးသည့် ကိုယ်တွေ့အတွေ့အကြုံကို အခြေခံထားသည့် စာအုပ်ကို ပေးဖတ်လာပါသည်။ ပေးသူဆရာမကလေး၏ စိတ်အထင် သည် ကျမအား ဘာသာရေးအသိပညာ မပြည့်စုံသေးသေသာကြောင့် လမ်းမှားရောက်နေသူဟု ထင်ဟန်ရှိပါသည်။ မည်သို့ဆို စေကာမူ ကျမအနေနှင့် ထိုစာအုပ်ကို ဖတ်ပြီး စာရေးသူအား မိမိ၏ခံယူချက်ကို တုံ့ပြန်ရန်ဆန္ဒရှိခဲ့သော်လည်း ထိုကာလမှ `၈`နှစ်အကြာ၊ ယခုမှပင် ရေးရန်အခွင့်အလမ်းရလာခဲ့ပါသည်။ ကျမ၏နောင်မျိုးဆက်မွတ်စလင်မ်ပညာတတ်များ၊ ပညာရှင်များ၊ သာမန် မွတ်စလင်မ်များ မည်သူမဆို နားယောင်၊ အကြားယောင်၊ အတွေးယောင်ပြီး လမ်းမှားမရောက်ကြစေရန် သတိပေး နှိုးဆော်လိုသောသဘောဖြင့် ဤဆောင်းပါးကလေးကို ရေးသားလိုက်ရပါသည်။


ယခုအခါ ကမ္ဘာတစ်လွှားတွင် ဒီမိုကရေစီလှုပ်ရှားမှုများနှင့်အတူ ဒီမိုကရေစီနိုင်ငံသစ်များ အလျှိုအလျှိုပေါ်ထွက်လာရာ ဒီမိုကရေစီနှင့်အတူတွဲ၍ ခွဲထုတ်မရသောအရာတစ်ခုမှာ `Human Right’ ခေါ်လူ့အခွင့်အရေးဟူသောအရာဖြစ်ပါသည်။ ဤကမ္ဘာတွင် လူ့အခွင့်အရေးကို အတိအလင်းဗြောင်ကျကျ ပထမဦးဆုံးပေးထားသောအရှင်မှာ ကျွန်ုပ်တို့လူသားမျိုးနွယ်အားလုံး အားဖန်ဆင်း၊ ပြုစု၊ ပျိုးထောင်၊ စီမံထိန်းသိမ်းစောင့်ရှောက်တော်မူထသော အလ္လာဟ်အရှင်မြတ် သာလျှင်ဖြစ်ပါသည်။


“ထိုမှတစ်ပါး (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့) ပြောကြားပါလေ။ (အချင်းတို့) အမှန်တရားသည် အသင်တို့ အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ ရောက်ရှိလာခဲ့ချေပြီ။ သို့ဖြစ်ပေရာ မည်သူမဆို ယုံကြည်လိုလျှင် ယုံကြည်နိုင်၏။ ထိုနည်းတူစွာ မည်သူမဆို ငြင်းပယ်လိုလျှင် ငြင်းပယ်နိုင်၏။ ဧကန်မလွဲ ငါအရှင်မြတ်သည် မတရားကျူးလွန်သူ တို့အဖို့(ငရဲ)မီးကို အသင့်ပြုလုပ်၍ထားတော်မူလေသည်။ ထိုမီး၏ တံတိုင်းများသည် ၎င်းတို့အား ဝန်းဝိုင်းလျက်ရှိချေမည်။ ထို့ပြင် အကယ်၍ ၎င်းတို့သည် ရေတောင်းကြလျှင် အရည်ကျိုထားသော ခဲရည်ကဲ့သို့သောရေပေးခြင်းကို ခံကြရပေမည်။ ထိုရေသည် (သောက်သုံးသူတို့၏) မျက်နှာများကို လောင်ကျွမ်းစေမည်ဖြစ်ပေသည်။ ထိုရေသည် အဘယ်မျှလောက်ဆိုးရွားသောရေဖြစ်၍ ထိုငရဲဘုံမှာ လည်း အဘယ်မျှလောက်ဆိုးရွားလှသော နားရာနေရာပင်ဖြစ်ချေသတည်း။” (ကုရ်အာန် ၁၈း၂၉)

အထက်ပါ ကျမ်းမြတ်ကုရ်အာန် (၁၈း၂၉)အရ ကိုးကွယ်ရာအရှင်မြတ်မှ မိမိ၏ စေတမန်တော် မုဟမ္မဒ်(ဆွ)မှတဆင့် လူသားအားလုံးအား မိန့်တော်မူထားသည်မှာ “(အချင်းတို့) အမှန်တရားသည် အသင်တို့ အားဖန်ဆင်းမွေးမြူတော်မူသော
အရှင်မြတ်အထံတော်မှ ရောက်ရှိ လာခဲ့ချေပြီ။ သို့ဖြစ်ပေရာ မည်သူမဆို ယုံကြည်လိုလျှင် ယုံကြည်နိုင်၏။ ထိုနည်းတူစွာ မည်သူမဆို ငြင်းပယ်လိုလျှင် ငြင်းပယ်နိုင်၏။” ထို့ကြောင့် ကျွန်ုပ်တို့၏ ကိုးကွယ်ရာအရှင်အလ္လာဟ်အရှင်မှ လူသားတိုင်းအား မိမိ တို့ဘာသာလွတ်လပ်စွာ ယုံကြည်ခွင့်ကို ပေးထားသည်မှာ အထင်အရှားပင် ဖြစ်ပါသည်။ ထို့ကြောင့် ဆရာဦးဆန်းလွင်အနေနှင့် ယုံကြည်လိုက ယုံကြည်နိုင်ခွင့်ရှိသလို မယုံကြည်၍ငြင်းပယ်လိုပါက ငြင်းပယ်နိုင်ခွင့်ရှိပါသည်။
ထို့ကြောင့် ကျွန်ုပ်တို့လူသားတိုင်းသည် မိဘ၏မျိုးရိုးစဉ်ဆက်အမွေကို ဆက်ခံမှုကြောင့် ဖြစ်စေ၊ မိမိဘာသာရွေးချယ်မှု ကြောင့်ဖြစ်စေ လွတ်လပ်စွာ အစ္စလာမ်ဘာသာဝင်၊ ဗုဒ္ဓဘာသာဝင်၊ ခရစ်ယာန်ဘာသာဝင်၊ ဟိန္ဒူဘာသာဝင် (သို့) နတ်ကိုးကွယ် ယုံကြည်သူ ဖြစ်နိုင်ခွင့်ရှိပါသည်။
သို့စေကာမူ အထက်ဖော်ပြပါ “ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ် လာသူအကြောင်း” လာ ဇာတ်ကောင်(သို့) ထိုစာအုပ်၏ စာရေးဆရာ ‘ဆန်းလွင်’ ဆိုသူမှ မိမိသည် ဗုဒ္ဓသာသနာမှအပဖြစ်သော၊ ရတနာသုံးပါး၌ ကြည်ညိုခြင်းမရှိသောအရပ်၌ လူဖြစ်ခဲ့ပြီးမှ ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်သူ ဥပါသကာအဖြစ်သို့ ရောက်ရှိ လာကြောင်း တင်ပြရာတွင် မိမိသည် အစ္စလာမ်သာသနာဝင် မွတ်စလင်မ်မိဘနှစ်ပါးမှ ပေါက်ဖွားလာကြောင်းစာအုပ်၏ အခန်း(၁)မှာ အသေးစိတ်ရှင်းလင်း ထားပါတယ်။

ဆန်းလွင်အနေနှင့် မိမိဘာသာ မိရိုးဖလာမွတ်စလင်မ်ဘဝမှာမနေချင်၍ ဗုဒ္ဓဘာသာဝင် အဖြစ်သို့ ကူးပြောင်းခြင်းသည် သူ၏လူ့အခွင့်အရေးဖြစ်သည့်အတွက် ကျွန်ုပ်တို့အနေနှင့် အထူးပြောစရာအဖြစ် ယူဆရန်မလိုအပ်ပါ။ သို့သော် ထိုစာအုပ်၏ နိဒါန်းနှင့် အခန်း(၁)မှ အကြောင်းအရာများ၊ တဖန် အခန်း(၂)(၃)(၄) တို့တွင် အစ္စလာမ်၊ကုရ်အာန်၊ တမန်တော်မြတ်မုဟမ္မဒ်(ဆွ) စသည်တို့၏ အကြောင်းအရာများကို ရေးသားဖော်ပြထားပြီး၊ မိမိ၏လေ့လာဆန်းစစ်မှုများကို ရေးသားတင်ပြထားသည်ကို ယင်းစာအုပ်ကို ဖတ်ရှုမိသူအားလုံးသိနိုင်ပါသည်။
သို့သော်ဆန်းလွင်သည် မိမိဖာသာ ဗုဒ္ဓဘာသာဝင်အဖြစ်ပြောင်းလဲသည့်ကိစ္စကို အစ္စလာမ်ဘာသာကို ဘဝင်မကျနိုင်၍ ပြောင်းလဲသွားကြောင်းရေးသားတင်ပြထားသည်။ အို-သနားဖွယ် ‘ဆန်းလွင်’ အသင်၏ သက္ကဒီးရ်-နဖူးစာမကောင်းမှုအတွက် ကျွန်ုပ်စိတ်မကောင်းပါဘူး လို့ဘဲ ပြောလိုက်ချင်ပါတယ်။ အဘယ်ကြောင့်ဆိုသော် သူ၏ဆရာသမားဆိုသူ ဦးဖိုးညွန့်ဆိုသူမှာ ကာဒီယာနီ တစ်ဦးဖြစ်သလို သူဖတ်ရှုလေ့လာဆည်းပူးခဲ့ပါသည်ဆိုသော ကုရ်အာန်ဘာသာပြန် စာအုပ်မှာလည်း မစ်ရ်ဇာ ဂိုလာမ်အဟ်မဒ် ခေါ် ကာဒီယာနီ အသင်းဥက္ကဌကြီးဖြစ်သောကြောင့် သူရသွားသော အသိသညာမှာ စစ်မှန်သော အစ္စလာမ် သာသနာဆိုင်ရာ ပညာဟုမဆိုနိုင်ပါ။ ကာဒီယာနီခေါ် အဟမဒီယာဟူသော ဂိုဏ်းသည် အစ္စလာမ်၏အခြေခံယုံကြည်ချက်ကို ဆန့်ကျင်သွေဖည် သောအတွေးအခေါ်အယူအဆပေါ်တွင် အခြေခံထားသောကြောင့် အစ္စလာမ်ဟု လုံးဝမခေါ်တွင်နိုင်ပါ။


ထို့ကြောင့်ကာဒီယာနီဆရာ၏ လမ်းညွှန်သင်ကြားမှုနှင့် မစ်ရဇာဂိုလမ်အဟ်မဒ် ဘာသာပြန်ကျမ်းကို အခြေခံထားသော သူ၏ အတွေးအခေါ်၊ အယူအဆ အနက်ကောက်မှုများ အားလုံးသည် အစ္စလာမ်နှင့် သွေဖည်သော အတွေးအခေါ် အယူအဆများကို လက်ကိုင်ထားသူ ဖြစ်သောကြောင့်ပင်။ မစ်ရဇာဂိုလမ်အဟမဒ်ဆိုသူသည် ကာဖိရ် (သွေဖည် ငြင်းဆန် သောသူ)ဖြစ်ကြောင်း ကမ္ဘာ့အစ္စလာမ်ပညာရှင်များမှ ဖသ်ဝါဆုံးဖြတ်ပေးခြင်းခံထားရသူဖြစ်သည်။ ထိုသူ၏ စာအုပ်ကို ဖတ်ထား သော ဆန်းလွင်၏ အတွေးအခေါ်မှာလည်း ကာဒီယာနီအတွေးအခေါ်သာ ဖြစ်ပါလိမ့်မည်။ အစ္စလာမ့်ယုံကြည်ချက်ကို သူ၏ သုံးသပ်တင်ပြချက်များမှာ အမှန်ပင် အမြီးအမောက် မတည့်သော ကပေါက်တိကပေါက်ချာဆန်သော တင်ပြချက် မျိုးသာဖြစ်ပါသည်။

ထိုစာအုပ်ကို စာရေးသူမှ ကမ္ဘာ့ဘာသာအယူဝါဒကြီး(၄)ခုကို ဆန်းစစ်တင်ပြထားသော ကျမ်းဟုဆိုထားပါသည်။ စင်စစ်ထိုစာအုပ်မှာ ဘာသာရေးထက် ဒဿနအပေါ် (ကြောင်းကျိုးဆင်ခြင် သုံးသပ်ဖြင်း) ၌သာ အဓိကအခြေခံထား၍ ရေးသား ထားခြင်းဖြစ်သည်။
အစ္စလာမ်သာသနာသည် Revelation ခေါ် ထာဝရကိုးကွယ်ရာအရှင်ထံမှ ထုတ်ပြန်ချမှတ် ပေးသော ဝဟီကျမ်းဂန် ပေါ်တွင် အခြေခံထားသော ယုံကြည်ချက်ဖြစ်သောကြောင့် ဆန်းလွင်၏ လူသား-သာမန်ဦးနှောက်မှ ထွက်လာသော ဆင်ခြင် တုံတရားပေါ်အခြေခံသည် နားလည်သဘောပေါက်မှုသည် အစ္စလာမ်၏အကီဒါဟ် ခေါ် Islamic Faith ကို သဘောမပေါက် နိုင်ခြင်းမှာ ဘာမှ ထူးဆန်းသောကိစ္စမဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် Revelation ကို Wisdom ပါသော ဥာဏ်မျက်စိနှင့် ကြည့်မှသာ နားလည်သဘောပေါက်နိုင်သောကြောင့် wisdom မပြည့်ဝသောသူ အနေနှင့် လမ်းလွဲ၊ လမ်းမှားသွားသည်မှာ သဘာဝကျသောကိစ္စပင်ဖြစ်ပါသည်။

 သူ၏စာအုပ်တွင် အဓိကအားဖြင့် ဒဿနကျမ်းအဖြစ်၊ ဂရိဒဿနများကို ဝေဖန်သုံးသပ်တင် ပြထားပြီး ထိုဒဿနအခြေခံများနှင့် အစ္စလာမ်သာသနာလာယုံကြည်ချက်များကို ပုံဖော်ကြည့်ခြင်းမှ သွေဖီဖောက်ပြန်သွားသော အတွေး အခေါ်တစ်ခုကို ရရှိသွားသူဟုသာသုံးသပ်ရပေမည်။ ဤသည်မှာ မဆန်းပါ။ အဘယ့်ကြောင့်ဆိုသော် သူ့ထက်ရှေးအလျင် ကရှိခဲ့ကြသော မွတ်စလင်မ်ပညာရှင်များကြားတွင်ပင် ဂရိရောမ၊ ခေါမအတွေးအခေါ်များ မွှေနှောက် ဖောက်ပြန်မှုကြောင့် အစ္စလာမ်၏အမှန် တရားမှ သွေဖည်သွားခဲ့သော ဆရာ့ဆရာကြီးများ များစွာရှိခဲ့ပါသည်။ စာရေးသူဆန်းလွင်အနေနှင့် အာရဗီစာပေကို တတ်ကျွမ်းသူမဟုတ်သောကြောင့် ထိုဆရာကြီးများ အတွေးအခေါ်ဖောက်ပြန်သွား ပုံကို ရေးသား တင်ပြထားသည်။ ဆရာကြီး အစ်ဗ်နေ့သိုင်မီယာ၏(ရဟိမသုလ္လာဟ်)ကျမ်းကို ဖတ်ခဲ့ဘူးဟန်မတူပါ။ ထို့ကြောင့် သူသည်လည်း အရင့်အရင် လမ်းလွဲခဲ့သူများကဲ့သို့ လမ်းလွဲခဲ့သူသာဖြစ်ပါသည်။

ကျမတို့အစ္စလာမ်၏ ယုံကြည်ချက်တွင် ကျမ်းမြတ်ကုရ်အာန်လာစကားလုံးတစ်လုံး၊ အကြောင်းအရာတစ်ခုကို မယုံ ကြည် ငြင်းပယ်သောသူသည် ကာဖိရ် မယုံကြည်သောသူ၊ သွေဖည်ငြင်းဆန်သော သူသာလျှင်ဖြစ်ပါသည်။ ဆန်းလွင်၏ဆရာမှာ ကာဒီယာနီဆရာဦးဖိုးညွန့်ဖြစ်သလို၊ သူ၏ကျမ်းဂန်ကို ဘာသာပြန်သူမှာ ကာဖိရ်မိရ်ဇာဂိုလမ်အဟမဒ် ဖြစ်သောကြောင့် သူသည်အစ္စလာမ်မှ သွေဖည်သွားသော ကာဖိရ်ဘဝရောက်သွားခြင်းမှာ မထူးဆန်းလှပါ။
ထို့ကြောင့် မရင့်ကျက်သေးသော အသိပညာမကြွယ်၊ နုနယ်လှသော မွတ်စလင်မ်အပေါင်း အားသတိပေး နှိုးဆော်လို သည့်အချက်မှာ၊
“ရတနာသုံးပါး……….”ဟူသော စာအုပ်ကို အမောင်တောင်မှန်းမသိ၊ ဖတ်မိပါက ဒဿနပညာရှင်ကြီး ဖီလိုဆော်ဖာဆန်းလွင်ကဲ့သို့ လမ်းမှားသို့ကောက်ကောက်ပါအောင် လိုက်မသွားမိစေရန် အထူးသတိပေးလိုပါသည်။
မည်မျှပင် ပြောင်မြောက်သော အတွေ့အကြုံဖြစ်ပါစေ၊ လူသားတွင် နဖ်(စ်)ခေါ် စိတ်ဝိဥာဉ်ပါရှိသောကြောင့် ထိုစိတ်ဝိဥာဉ်တွင် စွဲထင်နေသော ကိုးကွယ်ရာအရှင်၏ပုံရိပ်ကို အသိနှင့်ယှဉ်၍ ဝေဖန်ဆန်းစစ်ပါက လယ်ပြင်မှာ ဆင်သွားသည့် အလားထင်ရှားသော အသွင်ကို သိလာပါလိမ့်မည်။
သတိချပ်လော့
သတိနှင့် ဆင်ခြင်လော့

ကာဖိရ်ဖြစ်သွားသူအား သေဒဏ်ပေးသင့်၊ မပေးသင့်

ဤကိစ္စသည် ထိုကာဖိရ်ဖြစ်သွားသောသူ၏ အခြေအနေ၊ အနေအထားနှင့် သက်ဆိုင်ပါ သည်။ အကယ်၍ အစ္စလာမ့်တရားဥပဒေနှင့်အုပ်ချုပ်သော အစ္စလာမ့်နိုင်ငံတော်တွင် နေထိုင်သူ မွတ် စလင်မ်တစ်ဦးမှ ကာဖိရ်ဖြစ်သွားသည်ဆိုပါစို့။ ထိုအခြေအနေတွင် ၎င်းကာဖိရ်ဖြစ်သွားသော မွတ်စလင်မ်အား သေဒဏ်ပေးရမည်။ အဘယ့်ကြောင့်ဆိုသော် ထိုသူသည် အစ္စလာမ့်နိုင်ငံတော်၏ နိုင်ငံသား(citizen) ဖြစ်သောကြောင့် သူသည် အစ္စလာမ့်နိုင်ငံတော်မှ ပြဌာန်းကျင့်သုံးအပ်သော အစ္စလာမ့်တရားဥပဒေကို လိုက်နာကျင့်သုံးရပေမည်။ တမန်တော်မြတ်လက်ထက် မွတ်စလင်မ်မှ ကာဖိရ်အဖြစ် ကူးပြောင်းသွားသောသူအား သတ်ပြစ်ရမည်ဟု အမိန့်ပေးခဲ့သည်။ အစ္စလာမ့်တရား ဥပဒေအရဖြစ်သည်။ အစ္စလာမ် နိုင်ငံတော်တွင် မှီခိုနေထိုင်သော ဇင်မီ၊ ဘာသာခြားတစ်ဦးသည် အခွန်ပေးရသော်လည်း ထိုဇင်မီ၏ အသက်၊အိုး၊အိမ်၊ စည်းစိမ်လုံခြုံမှုအတွက် အစ္စလာမ်နိုင်ငံတော်မှ တာဝန်ယူစောင့်ရှောက်ပေးရသည်။ အပြန်အလှန်အားဖြင့် ထိုဇင်မီမှလည်း အစ္စလာမ့်နိုင်ငံတော်တွင်း နေထိုင်မှုကြောင့် မိမိနိုင်ငံတော်မှ ကျင့်သုံးသော အစ္စလာမ်တရားဥပဒေကို လိုက်နာရန်တာဝန်ရှိပေ သည်။
မွတ်စလင်မ်တစ်ဦးသည် non-muslim နိုင်ငံ၊ အစ္စလာမ့်တရားဥပဒေကို မကျင့်သုံးသော နိုင်ငံတွင် နေထိုင်ပါက ထိုသူ့အနေနှင့်လည်း အလားတူ သက်ဆိုင်ရာနိုင်ငံသားတစ်ဦးလိုက်နာရမည့် ဥပဒေကို လိုက်နာကျင့်သုံးရန်လိုအပ်သည်။ ထိုကဲ့သို့သော non-islamic stateတွင် နေထိုင်သူ မွတ်စလင်မ်တစ်ဦးက အစ္စလာမ့်တရားဥပဒေအရသတ်မှတ်ထားသော စံချိန်၊ စံညွှန်းများကို ချိုးဖောက်ပြီး ကာဖိရ်ဖြစ်သွားပါက ထိုသူကို သတ်ပစ်ရမည်လား? မလိုပါ။ အဘယ့်ကြောင့်ဆိုသော် ထိုသူသည် မွတ်စလင်မ်မဟုတ်သောနိုင်ငံ(ဥပမာ-ဗမာနိုင်ငံ)တွင် နေသောကြောင့် သူသည် ထိုနိုင်ငံ၏ ဥပဒေကိုသာလိုက်နာရမည်။ ထိုနိုင်ငံ၏ တရာဒဥပဒေအရသာ သူ့ကိုအရေးယူရပေမည်။ ထို့ကြောင့် ထိုသူအား သတ်ပစ်ရန်မလိုပါ။
=========================================================================

ဆရာမကြီးဒေါက်တာလှလှဝင်း  http://drhlahlawin.wordpress.com

ပေးပို့သည့်ဆောင်းပါအား ပုံမပျက်ရလေအောင်မူရင်းအတိုင်
ဗဟုသုတအဖြစ်တင်ပြလိုက်ရပါတယ်ခင်ဗျာ



No comments:

Post a Comment

Note: only a member of this blog may post a comment.